Tuesday, May 3, 2022

မြန်မာအဘိဓာန်ကိုသုံးလို့လွယ်အောင် - ၁

 

မြန်မာစာအဖွဲ့ရဲ့ ၁၉၇၈ ထုတ်မြန်မာအဘိဓာန်အကျဉ်းချုပ်စာအုပ် ၅-တွဲကို ၁၉၉၈ ဇွန်လမှာရန်ကုန်စာပေဗိမ္မာန်စာအုပ်ဆိုင်ဘေးက ဝါမိုးအောင်စာပေစာအုပ်ဆိုင်ကနေဝယ်ပြီးဂုဏ်ယူစွာနဲ့တရိုတသေသိမ်းထားနိုင်ခဲ့ပါတယ်။ အဲဒီစာအုပ်အတွဲ-၁ ထဲက နိဒါန်းအပိုင်းကတော့ကျနော်တို့လို“မြန်မာစာလူပိန်း” တွေဖတ်ကိုဖတ်သင့်တယ်လို့ပြောချင်ပါတယ်။ အားလုံးအတွက်ကံကောင်းတယ်လို့ဆိုရမှာက အဲဒီအဘိဓာန် ၅-တွဲလုံးကို pdf ဖိုင်တွေအဖြစ်နဲ့ဖေ့ဘုတ်ထဲမှာ မျှဝေထားတာကိုတွေ့ရတာပါဘဲ။

ကျနော်အာရုံစိုက်မိတာကတော့ပြောခဲ့တဲ့ မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲ-၁ ထဲက နိဒါန်းအပိုင်းကပြောပြထားတဲ့၊အလွန်ရှုပ်ထွေးခက်ခဲတဲ့ အက္ခရာစဉ်စနစ်အကြောင်းပါ။

အဘိဓာန်ကိုဒီဂျစ်ဖိုင် (ကွန်ပျူတာဖိုင်) အဖြစ်နဲ့ရထားပြီဆိုရင်တော့ အက္ခရာစဉ်ကိုမှတ်မိဖို့မလိုပဲ သိချင်တဲ့စာလုံးကိုရိုက်ပြီး ကွန်ပျူတာ သို့မဟုတ်လက်ကိုင်ဖုန်းကိုရှာခိုင်းရုံပါဘဲ။ ဥပမာ အဘိဓာန်စာအုပ်ထဲမှာ “ကြွက်” ကိုရှာဖတ်ပြီးရင် “ကြောင်” ကိုရှာဖို့နောက်စာမျက်နှာတွေကိုပြန်လှန်ရမလား၊ရှေ့ဆက်လှန်ရမလားဆိုတာ ကျနော့မှာတော့အခက်တွေ့တယ်လေ။ ဒီနေရာမှာ အဘိဓာန်ကိုဒီဂျစ်ဖိုင်အဖြစ်ဖန်တီးထားတာရှိရင်တော့အများကြီးလွယ်သွားတယ်။ စာအုပ်စာတမ်းတွေကိုဒီဂျစ်တယ်ပုံစံနဲ့ဖန်တီးရာမှာပုံနှိပ်ဖို့ရော သိမ်ဆည်းဖို့နဲ့ပေးပို့ဖိုရောအဆင်ပြေတဲ့ pdf စနစ်ကိုအဓိကသုံးကြပါတယ်။

pdf ဖိုင်ကနှစ်မျိုးရှိတယ်။ ကွန်ပျူတာထဲကိုမြန်မာစာလုံးနဲ့ရိုက်ထားတဲ့စာတွေကို pdf ဖိုင်ဖြစ်အောင်လုပ်ထားတာကတမျိုး။ ပုံနှိပ်ထားတဲ့စာတွေကိုဓါတ်ပုံရိုက်ယူပြီးရတဲ့ပုံတွေကို pdf ဖိုင်ဖြစ်အောင်လုပ်ထားတာကတမျိုးပါ။ ပထမမျိုးဆိုရင်တော့ စာကိုကွန်ပျူတာနည်းနဲ့အလွယ်တကူရှာနိုင်တယ်။ ဒုတိယမျိုးမှာလုပ်နိုင်တာကတော့ဖြစ်နိုင်စာဓါတ်ပုံတွေကိုစာအစစ်တွေဖြစ်အောင် OCR (optical character recognition) ဆိုတဲ့နည်းသုံးပြီးပြောင်းပေးလို့ရပါတယ်။ ဒါပေမဲ့ လူ-အချိန်-ငွေ အတော်လေးသုံးရမယ်။ ဆူလွယ်နပ်လွယ်လုပ်နိုင်တဲ့နည်းကတော့ pdf ဖိုင် ထဲမှာစာမှတ် (bookmarks) တွေထဲ့ပေးတဲ့နည်ပါဘဲ။ စမ်းသပ်ပြီး အဲဒီနည်းသုံးထားတဲ့ မြန်မာအဘိဓာန်အကျဉ်းချုပ်စာအုပ်ပထမတွဲကိုကျနော်မျှဝေခဲ့တာဖြစ်ပါတယ်။

သုံးနည်း

(၁) စာမှတ်တွေထဲ့ထားတဲ့ မြန်မာအဘိဓာန်အကျဉ်းချုပ်စာအုပ်ပထမတွဲ pdf ဖိုင်ကိုဒီကဒေါင်းလုတ်ဆွဲယူပါ - https://drive.google.com/file/d/1Qi3OCUx4PKf1uwN_iS6CClPDulDy0UD5/view?usp=sharing.
ဒါမှမဟုတ်ရင်လဲဖေ့ဘုတ်ကကျနော့ post မှာပေးထားလိပ်စာ (link) ကိုနှိပ်ပြီးလဲ ဒေါင်းလုတ်ဆွဲယူနိုင်ပါတယ်။

Google Drive ထဲမှာဒေါင်းလုတ်ဆွဲရန်

ဒီမြန်မာအဘိဓာန်အကျဉ်းချုပ်စာအုပ်ကို ကွန်ပျူတာ သို့မဟုတ်တက်ဗလက် သို့မဟုတ်လက်ကိုင်ဖုန်းနဲ့သုံးနိုင်ပါတယ်။

(၂) အဘိဓာန်ကိုဖတ်ဖို့ နဲ့စာလုံးရှာဖို့ browser တခုခုကိုသုံးနိုင်ပါတယ်။ သီးသန့်သက်ဆိုင်တဲ့ Adobe Acrobat ဆော့ဝဲကိုလဲသုံးနိုင်ပါတယ်။ Acrobat Reader ကအများအားဖြင့်တော့ ကွန်ပျူတာ/တက်ဗလက်/လက်ကိုင်ဖုန်း တွေတင်ပြီးပါတတ်တယ်။ မရှိသေးရင်တင်ပါ။

(၃) အဘိဓာန်မှာစာလုံးရှာဖို့ထဲ့ပေးထားတဲ့စာမှတ် (bookmarks) တွေဟာအဘိဓာန်ကို ဗရောက်ဇာတခုခုနဲ့ဖြစ်ဖြစ်၊ သီးခြားလုပ်ထားတဲ့ pdf ဖတ်ဖို့ဆော့ဝဲတခုခုနဲ့ဖြစ်ဖြစ်ဖွင့်လိုက်ရင် အဘိဓာန်ရဲ့မာတိကာအဖြစ်နဲ့မြင်ရမယ်။ အဲဒီမှာပေါ်နေတဲ့စာလုံးကိုရွေးလိုက်ရင်သက်ဆိုင်ရာစာလုံးရှိတဲ့နေရာကိုရောက်သွားမယ်။

ကွန်ပျူတာနဲ့တက်ဗလက်မှာသုံးနည်း

ဘရောက်ဇာ (browser) နဲ့ကြည့်ခြင်း

ဘယ်ဘရောက်ဇာ (browser) နဲ့ကျနော့အဘိဓာန်ကိုဖွင့်ဖွင့် မာတိကာ (contents/outline) ထွက်လာပုံကအတူတူပါဘဲ (ပုံမှာကြည့်ပါ)။ အဲဒီမှာကိုယ်ဖတ်ချင်တဲ့အကြောင်အရာသို့မဟုတ်ရှာချင်တဲ့စကားလုံးကိုရွေးနှိပ်လိုက်ရုံပါဘဲ။

pdf ဖိုင်ကိုဘရောက်ဇာဖြင့်ဖွင့်ခြင်း


Adobe Acrobat Viewer DC နဲ့ကြည့်ခြင်း

ဒီနည်းရဲ့ထူးခြားချက်က မာတိကာမှာကြည့်ချင်တဲ့စာလုံးကိုရှာပြီးနှိပ်တဲ့နည်းနဲ့ကြည့်နိုင်တဲ့အပြင် ကိုယ်ကြည့်ချင်တဲ့စာလုံးကိုရိုက်ထဲ့လိုက်ရင် မာတိကာကသက်ဆိုင်တဲ့စာလုံးပေါ်ရောက်သွားမယ်။ အဲဒီစာလုံးကိုနှိပ်လိုက်ရင်အဘိဓာန်ရဲ့စာကိုယ်ထဲက ကိုယ်ရှာတဲ့စာလုံးရှိတဲ့နေရာကိုရောက်သွားမယ်။

ဒီနည်းကိုသုံးဖို့ Adobe Acrobat Viewer DC ဆော့ဝဲကို ကိုယ့်ကွန်ပျူတာ/တက်ဗလက်မှာတင်ရမယ်။ ဒီကဒေါင်းလုတ်ဆွဲနိုင်တယ် - https://www.adobe.com/sea/acrobat/pdf-reader.html. အဘိဓာန်စာအုပ်ကိုဖွင့်ပြီးအောက်ပါအတိုင်းအဆင့်ဆင့်လုပ်ပါ -

pdf ဖိုင်ကို Acrobat Viewer DC ဖြင့်ဖွင့်ခြင်း

pdf ဖိုင်ကို Acrobat Viewer DC ဖြင့်ဖွင့်ခြင်း-(အဆုံး)


ရှာနေတဲ့စာလုံးဆီရောက်ပါပြီ -


မှတ်ချက်။ ။ကျနော်တို့ရဲ့အဘိဓာန်ဖိုင်ဟာမူရင်းမှာ ပုံနှိပ်စာအုပ်ကိုဓာတ်ပုံရိုက်ယူပြီး pdf ဖိုင်လုပ်ယူထားတာဖြစ်တယ်။ ဒါကြောင့်သူ့အထဲကစာလုံးတွေကိုကွန်ပျူတာနည်းနဲ့ရှာခိုင်းလို့မရဘူး။ ဒါကြောင့်ရှာလို့ရအောင်စာမှတ်တွေ (bookmarks/contents/outline) ကိုယူနီကုတ်မြန်မာစာလုံးတွေနဲ့ရေးပြီးသွင်းပေးထားတာဖြစ်ပါတယ်။ ဒါပေမဲ့လဲ Adobe Acrobat Viewer DC ကလွဲလို့ တခြားသော pdf ကိုဖွင့်ဖတ်နိုင်တဲ့နည်းတွေမှာ Ctrl+F ကိုနှိပ်ပြီး စာလုံးရှာခိုင်းရင် ရှာမတွေ့ဘူးလို့ပြန်ပြောမယ်။ ဘာကြောင့်လဲဆိုတော့သူတို့ကအဘိဓာန်ဖိုင်ရဲ့ စာမှတ် (bookmarks/contents/outline) အပိုင်းကိုဝင်ပြီးစာလုံးမရှာနိုင်လို့ဖြစ်ပါတယ်။