Thursday, March 30, 2023

မဟာလှေကားရှာပုံတော်

 
ထုံးစံအတိုင်းပျင်းစရာကောင်းတဲ့အကြောင်းအရာတွေကိုနဲနဲလောက်ကျော်လွှားလိုက်ပြီရင် အံ့ဩစရာတွေတွေ့ရတဲ့ဖေ့ဘုတ်မှာပါဘဲ။ အဲဒီဖေ့ဘုတ်ပေါ်ကမဟာလှေကားပင်ကြော်ငြာမှာ Cochlospermum religiosum ဟာမဟာလှေကားပဲလို့ဆိုထားတယ် (ပုံ-၁) ။


(ပုံ-၁)


မဟာလှေကားပန်းအကြောင်းကျောင်းသားဘဝမှာဖတ်လိုက်မိလို့ နံမယ်ကိုကဆန်းလွန်းလို့ရှာဖွေကြည့်ရင်းကနေစွယ်တော်ပန်းမျိုးလို့ နားလည်မှတ်သားမိတာကြာခဲ့ပါပြီ။ စာရေးဆရာကိုသင်းကိုမေးကြည့်တော့သူတို့အရပ်ထဲကလူကြီးတယောက်ကညွှတ်ကျနေတဲ့စွယ်တော်ကိုင်းကိုလက်ညှိုးထိုးပြသတဲ့။ကိုင်းပေါ်မှာအရွက်ကလေးတွေကလှေကားထစ်ကလေးတွေလိုစီနေတာလေ။ သူဟာနဲ့သူတော့ဟုတ်သလိုလို။

ခုတော့မဟာလှေကားကိုရှင်နာဂသိန်ရဲ့ပုံပြဆေးအဘိဓါန်မှာရှာကြည့်တော့ တတိယတွဲမှာမဟာလှေကားပန်း(အနီ)- Bauhinia purpurea နဲ့ မဟာလှေကား(အဝါ)- Bauhinia tomentosa ကိုတွေ့တယ်။ ပထမတွဲမှတော့ ချဉ်ပစ်ပင်- Bauhinia tomentosa (ဘွဲ့ချဉ်ပင်လို့လဲခေါ်တယ်) ကိုတွေ့တယ်။ Bauhinia ဆိုတာ လူသိများတဲ့စွယ်တော်မျိုးပါဘဲ။ မြန်မာအဘိဓါန်အကျဉ်းချုပ်မှာလဲ မဟာလှေကားကိုရှင်နာဂသိန်နည်းတူဖွင့်ဆိုပါတယ် (ပုံ-၂)


(ပုံ-၂)


ရှင်နာဂသိန်က မဟာလှေကား(အဝါ) စာသားအောက်မှာဒီအပင်ကိုတိတိကျကျသိဖို့ခက်ပုံကို မှတ်ချက်ပေးထားပါတယ် (ပုံ-၃) -


(ပုံ-၃)


အခိုင်အမာကိုးကားလို့ရနိုင်တဲ့ မြန်မာ့အပင်စာရင်း (ပုံ-၄) ထဲမှာ မဟာလှေကားပင်ကိုရှာကြည့်တော့


(ပုံ-၄)


မဟာလှေကား နီ/ဖြူ/ဝါ ဆိုပြီး Bauhinia (စွယ်တော်) မျိုးထဲကသုံးမျိုးတွေ့တယ် (ပုံ-၅) ။


(ပုံ-၅)


Cochlospermum religiosum ကိုလဲမဟာလှေကားလို့မူကွဲအနေနဲ့လဲတွေ့ပါတယ်။ ထူးခြားတာက Cochlospermum religiosum ကိုမြန်မာပြည်ရဲ့သဘာဝပေါက်ပင်လို့မဆိုပဲစိုက်ပျိုးတာတွေ့ရတဲ့အပင်လို့ဖေါ်ပြထားတာဖြစ်ပါတယ် (ပုံ-၆) ။


(ပုံ-၆)


မဟာလှေကားပန်းအကြောင်းရေးတဲ့စာတွေရှာကြည့်တာမှာ (ပုံ-၁)မှာပြထားတဲ့ဖေ့ဘုတ်ထဲကရေးသားချက်မှာ မဟာလှေကားဟာ Cochlospermum religiosum ပဲလို့ဆိုထားပေမဲ့အထောက်အထားကိုအတိအကျပြမထားဘူး။ သူက “ဘုရားသခငင် ဗုဒ္ဓက ဒီအပင်ကို”Siddhaththa - සිද්ධත්ථ”. කිණිහිරියා (Kinihiriyaa) in Sinhala, කණිකාර (Kanikaara) in Sanskrit လို့ခေါ်ကြတယ် ။“ လို့ရေးပြီးသူစာအောက်ခြေမှာ Reference Wikipedia လို့ရေးထားလို့ Wikipedia မှာ Cochlospermum religiosum ကိုရှာကြည့်တော့ “In Theravada Buddhism, this plant is said to have used as the tree for achieved enlightenment, or Bodhi by nineteenth Buddha called”Siddhaththa - සිද්ධත්ථ”. The plant is known as කිණිහිරියා (Kinihiriyaa) in Sinhala, and කණිකාර (Kanikaara) in Sanskrit.” လို့တွေ့တယ်။ ဒါပေမဲ့အဲဒီမှာလဲCochlospermum religiosum ဟာ (Kanikaara) ဖြစ်တယ်ဆိုတဲ့အထောက်အထားဘယ်ကလာတယ်ဆိုတာပြမထားပါဘူး။ဒါဆိုရင် ကာဏိကာရအပင်ဟာဘယ်ဟာလဲဆိုတာမရှင်းဘူးဆိုတဲ့သိမ်ဖြူဆရာတော်ရဲ့မှတ်ချက်ကပိုပြီးခိုင်မာဘွယ်ရှိပါတယ်။ DeFilipps နဲ့ Krupnick (2018) တို့ရေးတဲ့မြန်မာပြည်မှဆေးဘက်ဝင်အပင်များစာရင်းThe medicinal plants of Myanmar (https://www.scienceopen.com/document_file/387f76e8-c15e-47cc-84ff-fc7c33ff684c/PubMedCentral/387f76e8-c15e-47cc-84ff-fc7c33ff684c.pdf?fbclid=IwAR0NaHInay095VfyYAHTh_ip20TyxaTEvuzUzceRRmEKrb8GUe3u91Jlpkg) မှာ မဟာလှေကားဖြူ (Bauhinia acuminata) နဲ့ မဟာလှေကားနီ(Bauhinia purpurea) ပဲတွေ့ပြီး Cochlospermum religiosum ကိုမတွေ့ပါ။

မဟာလှေကားကိုအင်တာနက်ထဲမှာရှာကြည့်ရင်တော့ဖေ့ဘုတ်ထဲမှာသာအများအပြားတွေ့ပြီးအများစုကပန်းအလှပင်ပျိုးပင်ရောင်းသူများရဲ့ကြော်ငြာများဖြစ်ပါတယ်။ အဝါရောင်အထပ်များများနဲ့လှပတဲ့ မဟာလှေကားဆိုတဲ့ပန်းပုံများဟာ အင်တာနက်ထဲကပုံတွေသာများမယ်လို့ထင်ပါတယ်။ မူရင်း Cochlospermum ပန်းမှန်သမျှဟာတထပ်ထဲသာရှိတယ်လို့သိရပါတယ်။ အထပ်ရှိတဲ့ Cochlospermum ပန်းတွေဟာ ရွေးချယ်မွေးမြူခြင်းကရရှိလာတာဖြစ်ပါမယ်။ မူရင်းမျိုးကနေမွေးမြူရရှိတဲ့မျိုးဆန်းကို cultivarလို့ခေါ်ပါတယ်။ အပင်ရဲ့သိပ္ပံနံမယ်ကိုရေးတဲ့အခါ မျိုးစိတ်ရဲ့နောက်မှာမျိုးဆန်း(cultivar) ရဲ့နံမယ်ကိုထဲ့ရေးရတယ်။ ဥပမာ Cochlospermum vitifolium ‘Florepleno’  ဆိုတဲ့အင်တာနက်ထဲကပန်းပင်ကြော်ငြာမှာ ‘Florepleno’ ဟာမျိုးဆန်းရဲ့နံမယ်ပါ။

မဟာလှေကားပန်းနဲ့ပတ်သက်လို့မရှင်းတာက -
• မဟာလှေကားပန်းဟာစွယ်တော်လား၊ Cochlospermum religiosum လား၊ တခြားပန်းလား မဟာလှေကားပန်းနဲ့ပတ်သက်လို့မရှင်းတဲ့အကြောင်းကို ရနံ့စံအိမ်ဝဘ်စာမျက်နှာက “မဟာလှေကားအရှုပ်တော်နှင့်ကဏိကာရရှာပုံတော်” ဆောင်းပါးမှာလဲတွေ့ရပါတယ် - http://gandharama.blogspot.com/2017/06/blog-post_88.html

Cochlospermum religiosum ဟာမဟာလှေကားဟုတ်မဟုတ်ဆိုတာအသာထားပြီး
• မြန်မာပြည်မှာရောင်းနေကြတာက Cochlospermum religiosum လား၊တခြား Cochlospermum မျိုးစိတ် လား

ဒီအချက်နဲ့ပတ်သက်ပြီးအင်တာနက်ထဲမှာရှာကြည့်လို့ကျနော်တွေ့တာတော့ အထပ်ရှိတဲ့Cochlospermum မျိုးစိတ်တွေက Cochlospermum regium နဲ့ Cochlospermum vitifoliumမျိုးစိတ်တွေပါ။ လေ့လာ ကြည့်ကြပါဦး။

မဟာလှေကားပန်းအကြောင်းပြောကြတဲ့အခါရှေးကရေးခဲ့တဲ့ပျို့၊ကဗျာတွေထဲကစာသားတွေကိုထုတ်နှုတ်ပြတတ်ကြပါတယ်။ ဒီလိုပျို့ကဗျာတွေမှာပန်းအမျိုးအမည်တွေကိုရေးဖွဲ့ကြတဲ့အခါ ရေးသူကိုယ်မြင်ဘူးသိဘူးတဲ့ပန်းတွေအပြင် မမြင်ဘူးတဲ့ရှေးစာထဲကပန်းမျိုးတွေကိုပါရေးကြဖွဲ့ကြတယ်ထင်ပါတယ်။

ရှုမဝမဂ္ဂဇင်း အတွဲ ၇၊အမှတ် ၈၄ ထဲကဂျာနယ်ကျော်မမလေးရဲ့ “မန္တလေးရုက္ခစိုးဘဏ္ဍာ” ဆောင်းပါးအကြောင်းဖေ့ဘုတ်မှာကျနော်ရေးဘူးပါတယ်။ အဲဒီအထဲမှာပြောထားတဲ့ မန္တလေးဦးမောင်မောင်လတ်ဆီကပန်းမျိုး-၁၂၀ ပုံပါတဲ့ဖွက်-ဖေါ်ပန်းချီအုပ်ကြီးထဲမှာတော့ မဟာလှေကားပန်းပုံပါမလားမသိပါ။ ပါရင်တော့မဟာလှေကားပြဿနာရှင်းသွားမှာပါ။