Friday, August 5, 2022

မောင်သာနိုး၊ မောင်ခင်မင်၊ ဦးဖေမောင်တင်၊ ဘာသာဗေဒ

 
မကြာခင်ကမှကွယ်လွန်ခဲ့တဲ့ “မောင်သာနိုး” ကိုသူရဲ့ထင်းရှူးပင်ရိပ်ကိုမဖတ်ဘူးပဲ အကြားနဲ့တင်ကြည်ညိုနေခဲ့ရာက သူ့ဘာသာဗေဒကိုဖတ်ချင်လို့အင်တာနက်ထဲမှာရှာတော့လဲမတွေ့။ စုံစီနဖာ ဖေ့ဘုတ်ထဲမှာလဲ “ဘာသာဗေဒ” ဆိုတာတောင်မတွေ့ပဲ ဘာသာရေးအကြောင်းအရာတွေပဲပေါ်လာတယ်။ အပြင်အင်တာနက်ထဲမှာထပ်ရှာတော့မှ ပေါ်ပြူလာစာစောင်ထဲက “မောင်ခင်မင်” ရဲ့ ဘာသာဗေဒနှင့်ကျွန်တော် ဆောင်းပါး အမှတ် ၁ ကနေ ၁၁ ထိတွေ့လို့ဖတ်ရပါတယ်။

အင်တာနက်လောက၊ ပိုတိကျအောင်ဆိုရင် ဝဘ်လောကမှာ မြန်မာလိုရေးတဲ့ ဘာသာဗေဒအကြောင်းအရာဆင်းရဲတယ် ထင်တယ်။ တကယ်တော့အထွေထွေဆင်းရဲတယ်လို့ထင်ပါတယ် (လူမှုရေးကွန်ယက်ကလွဲလို့ပေါ့)။

ဘာသာဗေဒနှင့်ကျွန်တော် ဆောင်းပါး အမှတ်-၉ မှာသုတေသနအမြင် “ဆင်းရဲ” ပုံကိုအံ့ဩစွာတွေ့ရပါတယ် -

“ပြဿနာတစ်ခုကြုံရပါသေးသည်။ အောက်ခြေမှတ်စုနှင့်ကျမ်းကိုးစာရင်းတွင်စာရေးသူနာမည်ကိုရေးသားရာ၌ ‘ဒေါက်တာသန်းထွန်း’ ဆိုလျှင်‘သန်းထွန်း၊ ဒေါက်တာ’၊’ ဒေါ်သန်းဆွေ’ဆိုလျှင်‘သန်းဆွေ၊ ဒေါ်’၊ ‘ဦးလှထွန်း’ ဆိုလျှင်‘လှထွန်း၊ ဦး’ စသည်ဖြင့်ဝိသေသနပုဒ်များကိုချိုး၍ နာမည်နောက်သို့ပို့ရသည့်စနစ်အတိုင်းရေးသားရသည်။ သုတေသနလုပ်ငန်းနှင့်မယဉ်ပါးသောအသက်ကြီးပိုင်းဆရာ၊ ဆရာမအချို့က ထိုသို့နာမည်ချိုးသည်ကို‘လူကြီးကိုမရိုသေရာကျသည်။ အဂါရဝဖြစ်သည်’ ဟုဆိုပြီးသဘောမကျကြောင်းပြောကြသည်။ ပညာရပ်ဆိုင်ရာသုတေသနစာတမ်းမှန်သမျှထိုပုံစံအတိုင်းရေးနေသည့်အပြင်၊ စာကြည့်တိုက်များတွင်စာအုပ်ကက်တလောက်ပြုစုရာ၌ ထိုစနစ်အတိုင်းကျင့်သုံးနေသည်မှာကြာပါပြီ။ သုတေသနစာတမ်းများကိုကိုယ်တိုင်ဟုတ်တိပတ်တိရေးဖူးဟန်မတူသောဆရာ၊ ဆရာမအချို့က ထိုစနစ်ကိုသဘောမပေါက်ဘဲပြောနေကြခြင်းဖြစ်သည်။ အစည်းအဝေးတစ်ခုတွင်သုတေသနလုပ်ထုံးလုပ်နည်းအရ မူလနာမည်များ၏ ရှေ့စာလုံးကိုအက္ခရာစဉ်နိုင်အောင်‘ဦး၊ ဒေါ်’ စသည့်ဝိသေသနများကိုနောက်သို့ပို့ရခြင်းဖြစ်ကြောင်း၊ မ လေးစား၍ မဟုတ်ကြောင်း၊ နိုင်ငံတကာကျင့်သုံးသည့်စနစ်ဖြစ်ကြောင်းစသည်ဖြင့်အကျိုးသင့်အကြောင်းသင့်ရှင်းပြသည်ကိုနားမဝင်သောဆရာမတစ်ယောက်က ’ဘယ်သူတွေလုပ်တဲ့စနစ်ဖြစ်ဖြစ်၊ ဘုရားဟောစကားမှမဟုတ်တာ။ ပြင်လို့ရရမှာပေါ့” ဟုထင်ရာမြင်ရာဇွတ်ပြောနေသည့်အတွက်မဲခွဲဆုံးဖြတ်ရသည့်အခြေအနေသို့ပင်ရောက်သွားပါသည်။ နာမည်ချိုးသည့်စနစ်အတိုင်းကျင့်သုံးရန်အများသဘောတူသော်လည်းထိုဆရာမ က လက်မလျှော့သေးဘဲအနှောင့်အယှက်၊ အဟန့်အတားအမျိုးမျိုးလုပ်ပါသေးသည်။ သုတေသန အခြေခံသုတေသနပုံစံနှင့်အညီကျမ်းများပြုစုရန်ဆုံးဖြတ်လိုက်တော့မှပြဿနာပြီးသွားပါတော့သည်။”

ဒါကိုမတွေ့ခင်ကျနော်ကြားဘူးထားတာက မြန်မာပညာရှင်တဦးက မြန်မာစာနဲ့ပတ်သက်ပြီးနိုင်ငံခြားပညာသင်သွားဖို့ပေါ်ပေါက်လာရာမှာ အာဏာရှိတဲ့ပုဂ္ဂိုလ်ကြီးက ဗမာစာကိုနိုင်ငံခြားမှာသွားသင်စရာမလိုဘူးလို့ပယ်ချတယ်ဆိုတာပါ။ ဒါက ပြောခဲ့တဲ့ဆောင်ပါးထဲက မြန်မာဆန် “လွန်လွန်း” တဲ့လူစုနဲ့ဆရာမ တို့လိုဇွတ်အတွေးအခေါ်မျိုးပဲလို့အတွေးပေါ်လိုက်မိပါတယ်။

ကျနော်က ဘာသာဗေဒဘာရယ်လို့ရေရေရာရာမသိပေမဲ့စိတ်ဝင်စားခဲ့ပါတယ်။ Anna Allott ရဲ့ဦးဖေမောင်တင်အကြောင်းဆောင်းပါး “PROFESSOR U PE MAUNG TIN (1888–1973): The Life and Work of an Outstanding Burmese Scholar” ကို ဒီနေရာ ကဖတ်ရတော့ ဦးဖေမောင်တင်ဟာဘာသာဗေဒကိုအစဦးပျိုးထောင်ခဲ့သူမြန်မာလူမျိုး(တဦး?)လို့နားလည်ခဲ့ရပါတယ်။  Anna Allott ရဲ့ဆောင်းပါးမှာ ၁၉၅၄ မတ်လကရန်ကုန်ဆေးပညာကောလိပ်မှာ မြန်မာနိုင်ငံသုတေသနအသင်းက လုပ်ခဲ့တဲ့ ဘာသာဗေဒဆွေးနွေးပွဲအကြောင်းပြည့်ပြည့်စုံစုံပြောပြထားပါတယ်။ ဒီပွဲဟာမြန်မာ့မြေမှာဘာသာဗေဒပန္နက်ချခဲ့တဲ့ပွဲပါဘဲ။ ပါမောက္ခဦးမျိုးမင်းနဲ့အမေရိကန်သံရုံးက ယဉ်ကျေးမှုသံမှူး Virginia Geiger တို့စီစဉ်ပေးတဲ့ဒီပွဲမှာ ကိုလံဘီယာတက္ကသိုလ်ကပါမောက္ခ Aileen Kitchin က “ဘာသာဗေဒဆိုတာဘာလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့မိတ်ဆက်ဟောပြောခဲ့ပြီး၊ ဦးဖေမောင်တင်က “Some Features of the Burmese Language” (မြန်မာဘာသာစကား၏လက္ခဏာအချို့) စာတမ်းကိုဖတ်ခဲ့တယ်။တခြားမြန်မာနဲ့ တခြားပညာရှင်များကလဲစာတမ်းတွေဖတ်ခဲ့တယ်။ မြန်မာသမိုင်းနဲ့ဘာသာစကားလေ့လာရေးနယ်ပယ်ကထင်ရှားတဲ့ မြန်မာပညာရှင်တွေခပ်များများပါခဲ့တယ်။

၂၀၁၇ မှာကျနော်ဟာအင်တာနက်ထဲကမြန်မာဝီကီပီးဒီးယားစာမျက်နှာထဲမှာရှိသမျှစာတွေကို XML ပုံစံနဲ့တပေါင်းထဲထုတ်ပြီးမျှဝေထားတာကိုယူပြီး NLP (Natural Language Processing) နည်းနဲ့ မြန်မာစာ စာစု (Myanmar corpus) ထုတ်ယူဖို့ရမ်းသမ်းပြီးလုပ်ကြည့်နေခဲ့ပါတယ်။ အထိုက်အလျောက်လဲဖြစ်မြောက်ခဲ့ပါတယ်။

အဲဒီအချိန်မှာ Anna Allott ရဲ့‌ဆောင်းပါးကိုဖတ်မိပြီး ကိုယ့်တိုင်းပြည်မှာခေတ်မီပစ္စည်းကရိယာ မျိုးစုံနဲ့ဘာသာရပ်မျိုးစုံကပညာရှင်မျိုးစုံစုစည်းလုပ်ကိုင်ကြတဲ့ဘာသာဗေဒဗိမ္မာန်ကြီးပေါ်ပေါက်ပြီးတိုင်းရင်းဘာသာစကားတွေနဲ့ပျူဘာသာစကားအပြင်အရှေ့တောင်အာရှကတိမ်မြုပ်နေတဲ့ဘာသာစကားတွေကိုလေ့လာဖို့ကိုစိတ်ကူးယဉ်ကြည့်မိသေးတယ်။

မြန်မာဘာသာစကားသုတေသနနဲ့ပတ်သက်လို့အင်တာနက်ထဲမှာရှာကြည်တဲ့အခါ NLP (Natural Language Processing) ပညာရပ်ပိုင်းမှာရေးတာတွေကိုအလွယ်တကူနဲ့များများလဲတွေ့ရပါတယ်။ တက္ကသိုလ်၊ကောလိပ်တွေရဲ့ ကွန်ပျူတာပညာဌာနတွေကဆရာ၊ဆရာမတွေရေးတာက အများစုပါ။ ကျနော်ဖတ်မိသလောက်တော့အဲဒီစာတန်းတွေမှာ မောင်ခင်မင်တို့လိုမြန်မာစာဌာနကပညာရှင်တွေနဲ့မောင်သာနိုးတို့လိုပြင်ပက ခေတ်ပြိုင်ဘာသာဗေဒသမားတွေရဲ့လေ့လာချက်တွေနဲ့ပတ်သက်ပြီးရေးတာမတွေ့ရပါဘူး။ ပြောခဲ့တဲ့မောင်ခင်မင်ရဲ့ဆောင်းပါး ၁၁-ပုဒ်မှာလဲ မြန်မာ NLP သမားတွေရဲ့လေ့လာမှုတွေအကြောင်းရော၊ NLP ပညာရပ်အကြောင်းရော မတွေ့ရပါဘူး။

ဒါက တက္ကသိုလ်ကွန်ပျူတာဌာနတွေက NLP ပညာရှင်တွေနဲ့ မြန်မာစာဌာနက ဘာသာဗေဒပညာရှင်တွေဟာ ကိုယ့်ဆင်စွယ်ရဲတိုက်မှာပဲကိုယ် အလုပ်များပြီး မတွေ့အား၊ စကားမပြောအားတာကြောင့်လားတော့ မသိ။

ဒါမှမဟုတ်ရင် စိန်ကျောက်ရောင်းဝယ်ရာမှာ ကျနော်ဆေးရိုးသည် ဝင်ပြောမိတာများလား။

ဖေ့ဘုတ်ထဲမှာ NLP ကိုရှာတဲ့အခါမှာတော့ Natural Language Processing ခေါင်းစဉ်နဲ့တခု နှစ်ခုပဲတွေ့ပြီး သံတူကြောင်းကွဲ Neuro-lingusitic Programming အကြောင်းများများတွေ့ရတယ်။

ဖေ့ဘုတ်ထဲမှာ NLP ကိုရှာ