Friday, September 3, 2021

စစ်ကိုင်းကဆရာဝန် အကိုဦးလှရွှေ - တစေ့တစောင်း

 
အမေကပထမအိမ်ထောင်နဲ့ငါးယောက်မွေးတာလေးယောက်ရှင်ပြီး ကျနော်ဘဲယောက်ျားလေးပါတယ်။နောက်အိမ်ထောင်နဲ့လဲညီတယောက်၊ညီမနှစ်ယောက်ရလာတယ်။အကိုလှရွှေကအမေ့ညီမ ဒေါ်ကျော့ရှင်ကမွေးတဲ့ခြောက်ယောက်ထဲကအကြီးဆုံးပါ။သူတို့ထဲကသူတယောက်ဘဲဆရာဝန်ဖြစ်တာပါ။ကျနော့အမအငယ်ဆုံးကသူ့ထက်တနှစ်ကြီးပြီး သူကကျနော့ထက်ငါးနစ်ကြီးတယ်။ သူကရန်ကုန်ဆေရုံကြီးကလုပ်ဖော်ကိုင်ဘက်ဆရာမဒေါ်စိန်ရင်နဲ့အိမ်ထောင်ပြုပြီး သားမောင်ကိုကိုဦးနဲ့သမီးမိုးဆောင်းဦးတို့ကိုမွေးဖွားခဲ့ပါတယ်။

သူကဂီတနဲ့ကဗျာဝါသနာပါတယ်။ရန်ကုန်စိန်ဂျွန်းကျောင်းက ဆယ်တန်းအောင်တယ်။ မောင်သင်းနွယ်ဆိုတဲ့ကလောင်နံမယ်နဲ့ကဗျာရေးတယ်။ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂငွေရတုသဘင်သီချင်းကိုသူရေးတယ်။လမ်း၃၀-ကသူ့အိမ်ကိုကျနော်ရောက်တဲ့အခါတိုင်းဆေးကျောင်း၊ဂီတနဲ့စာပေနယ်ပယ်ကလူတွေအမြဲတွေ့တယ်။

သိန်းသန်းထွန်းဖြစ်လာမဲ့သူတို့ဟင်္သာတကသူ့မိတ်ဆွေလေးကိုတွေ့တာလဲမှတ်မိတယ်၊နောင်အခါမှာဒီအကြောင်းသတိရတိုင်း သူ့ရီဝေတဲ့မျက်လုံးတွေဖြတ်ဖြတ်လတ်လတ်လှုပ်ရှားမှုကို romantic ဖြစ်တယ်လို့ဘာမှန်းသေသေချာချာမသိဲ နံမယ် တပ်မိတယ်။ အကိုက ကိုလေးညွန့်၊မောင်မောင်ကြီး၊မာမာအေး၊စန္ဒယားကိုသိန်းမောင်၊ဦးဝင်းဖေတို့နဲ့ ရင်းနှီ တယ်။သူကရန်ကုန်ဆေးကျောင်းကနိုင်ငံရေးအစဉ်အလာရှိတဲ့ကျောင်းသားအုပ်စုထဲကဖြစ်တယ်။

ကျနော်ရွှေဘိုမရောက်ခင်ကနိုင်ငံရေးနဲ့ အဖမ်းခံရ၊မန္တလေးမှာထောင်နန်းစံရတာဗိုလ်အောင်ကြီးတို့၊ဝင်းဦးရဲ့ မီးပုံပွဲသီချင်းရေးတဲ့မေမြို့က မြဝတ်ရည်ဦးဘသိန်းတို့နဲ့တချိန်ထဲဘဲ။

အဲဒီနောက်လွတ်လာတဲ့အခါစစ်ကိုင်းမှာအခြေချပြီဆေးကုစားတာအောင်မြင်ပြီး အရပ်ကလဲချစ်တယ်။ သူတို့ဆေးလောကမှာ သူ့ကိုကွမ်းလှရွှေလို့လူသိများတယ်။ သူစစ်ကိုင်းမှာနေစဉ် အိမ်မှာ ဝါးပတ္တလားကလေးကိုခေါက်နေတာတွေ့မိတယ်။သူ့မှာစန္ဒယားတော့မရှိပါဘူး။ ဘယ်တူရိယာကိုမှတီးတတ်မှုတ်တတ်တယ်လို့လဲမကြားဘူးပါ။ သူကအဲဒီတုန်းကမြန်မာ့ ဂီတကို musicology ပညာရပ်ရှုဒေါင့်ကလေ့လာနေတာလို့ထင်တယ်။ အဲဒီဘက်မှာဆရာကြီးတဆူဖြစ်တဲ့ ဦးခင်ဇော်(K)နဲ့အဆက်အသွယ်ရှိတာကို သူ့စာအုပ်တအုပ်ရဲ့အတွင်ဖုံးမှာ K က “fellow musicologist” လို့ပါတဲ့အမှတ်တရစာကြောင်းလေးကို ကျနော်ဖတ်ခဲ့မိလို့သိရတာပါ။

မေ့တော့မလို့။ အကိုကပန်ချီမောင်ငွေထွန်းနဲ့လဲခင်တယ်။ ကျနော်ကကမ်းနားလမ်းနဲ့ဆူးလေဘုရားလမ်းဒေါင့်ပုလိပ်မင်းကြီးရုံးဘေးကကွက်လပ်မှာကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေဟောပြောတာကို မနက်စောစော တခါရောက်တော့ကိုငွေထွန်းကို သင်္ဘောသားတွေဝတ်တဲ့ဆွယ်တာအပြာကြီးနဲ့ ထောင်ထောင်မောင်းမောင်းနဲ့ကြည့်ကောင်းနေတာမှတ်မိပါသေးတယ်။ သူ့လက်ရာကိုတော့ ခုအကို့ညီမနှစ်ယောက် နေနေတဲ့ လမ်း ၃၀ ကအကိုတို့မိဘအိမ်မှာ အကို့အဖေဦးလှမောင်ရဲ့ပုံကိုကို ထူးခြား‌တဲ့ကောက်ကြောင်းဟန်ပန်နဲ့ဆွဲထားတဲ့ပန်းချီကားအဖြစ်နဲ့ မြင်နိုင်ပါတယ်။

 တ

ထူးခြားတာတခုက ထားတို့၊ ချိုပြုံးတိ့လိုဆယ်လီတွေရဲ့ယောက်ျားဆရာဝန်လေးတွေနဲ့သူရင်းနှီးတာပါ။ ဒီမောင်တွေကိုမနဲထိမ်းရတယ်လို့ သူပြောတာကြားဘူးတယ်။ ကျနော်ရွှေဘိုမှာရှိတုန်းချိုပြုံးယောက်ျားကိုမြင့်ဆွေစစ်ကိုင်းမှာရှိနေတယ်။မှတ်မှတ်ရရရှိတာတခု ကတော့မြို့မက တယောဆရာ၊မန္တလေးကအောင်မြင်တဲ့ထိုးမုန့်လုပ်ငန်းရှင်ရဲ့ယောက်ျားအရက်စွဲလွန်နေတဲ့ကိုရွေလေးလို့ခေါ်တဲ့သူတယောက်ကို စစ်ကိုင်းသူ့အိမ်မှာခေါ်ပြီးဆေးကုပေးနေတာကို ကျနော်တွေ့ခဲ့ရတာပါ။ မရပါဘူး။ နောက်တော့မန္တလေးပြန်သွားပြီးဆုံးသွားတယ်။

ပုံမှန်ဆိုရင် အကိုကမနက်ပိုင်းမှာသူအိမ်ဆေးခန်မှာထိုင်ပြီးလူနာကြည့်တယ်။ နေ့လည်မှာသူပုံမှန်သုံးတဲ့မြင်လှည်းသမားနဲ့လူနာလိုက်ကြည့်တယ်။ အဲဒီအချိန်အတွင်းမှာသူဝါသနာပါတာလေးတွေလဲလုပ်နိုင်မယ်ထင်တယ်။ တခါတော့ စစ်ကိုင်းတနေရာမှာ မြေတူးရာကဗမာပြည်မှာတခါမှပြောသံမကြားဘူးတဲ့ နှစ်ဘက်သွားဓါးကြီးတွေပေါ်လာတယ်ကြားလို့သူလိုက်သွားတာ နောက်ကျသွားတယ်လို့ကျနော့ကိုပြောတယ်။ ကျနော်တော့ဒီဓါးကြီးတွေအကြောင်းနောက်ပိုင်းမှာတခါမှမကြားမိတော့ပါဘူး။

ကျနော်ရွေဘိုကနေမှော်ဘီ၊နောက်တော့ရုံးချုပ်ကိုပြောင်းတဲ့အခါအကိုနဲ့လူခြင်းမတွေ့တော့ပါဘူး။သူဖိုထိုးနေတယ်ကြားတော့အံဩတယ်။ဒါပေမဲ့သူက သိပ္ပံသမား။ ပြဒါးသေ၊သံသေနဲ့ရွှေဖြစ်ငွေဖြစ်တော့လုပ်မယ်မထင်ဘူး။ အကြောင်းရှိပါလိမ့်မယ်။

နောက်တော့အကိုဦးလှရွေကဂျမေကာမှာ UNV သွားလုပ်။အဲဒီကနေသားကိုခေါ်ပြီး US ကိုပို့။သမီးက UK မှာဗမာ IT သမား ပါဂူဘွဲ့ရလေးတယောက်နဲ့အိမ်ထောင်ကျ။ အကိုစစ်ကိုင်းပြန်လာပြီး ၂၀၀၀-ခုနှစ် ဇန္နဝါရီလ ၂၉-ရက်နေ့၊အသက် ၆၃-နှစ် (ထင်ပါရဲ့)နဲ့ စစ်ကိုင်းအိမ်မှာကွယ်လွန်တယ်။

စစ်ကိုင်းကသူတို့ထုံးတန်းအစဉ်အလာအတိုင်းဝိုင်းဝန်းပြုလုပ်ပေးတဲ့ အကို့အသုဘဟာ စည်ကားလွန်းပါတယ်။လူများလွန်းလို့ သူတို့ချစ်တဲ့ဆရာကိုမြေမချခင်မှာ နောက်ဆုံးနှုတ်ဆက်ချင်ကြလို့ တိုးခွေ့ကြလွန်းလို့ ကျနော်တို့တောင်ခပ်ဝေးဝေးကသာ နှုတ်ဆက်ခွင့်ရခဲ့ပါတယ်။

ကျနော်ရွှေဘိုမှာရှိနေတုန်းကစစ်ကိုင်းတိုင်းရုံးကို တလတ‌ခေါက်အစည်းအဝေးတက်ဖို့ရောက်ရတယ်။အကိုကအလုပ်များတဲ့သူဆိုတော့ညီအကိုနှစ်ယောက်စကားရှည်ရှည်မပြောဖြစ်လှပါဘူး။သူက Public Health သမားဘဲ။ အင်္ဂလန်မှာ ပြည်သူ့ကျန်းမာရေးပညာဒီပလိုမာ (DPH)တက်ခဲ့တာ သတ်မှတ်သင်တန်းချိန်တဲ့အတော်လျော့ပြီးသင်တန်းပြီးတယ်လို့ကြားဘူးတယ်။ တခါကတော့ ငါ DPH(ဒီပလိုမာ) အစား MPH(မဟာဘွဲ့) တက်ရင်ကောင်းမှာဘဲလို့ပြောဘူးတယ်။နောက်တခါမှာသူကောက်ထားတဲ့လူနာနဲ့ရောဂါအချက်အလက်တွေကိုစာရင်းနည်းနဲ့တွက်ချက်စိစစ်ပေးနိုင်မလားလို့ကျနော်ကိုမေးတယ်။ကျနော်ကဘယ်လုပ်နိင်ဦးမှာလဲ။သူကလဲ MPH တက်ခဲ့ရင်တော့ သူစာရင်းပညာပိုတတ်ခဲ့ပြီး သူ့စာရင်းတွေကိုသူကိုယ်တိုင်လုပ်နိုင်မှာလို့ စဉ်စားတာလားလို့ ကျနော်တွေးမိတယ်။

ခုတော့နိင်ငံခြားပညာသင်တခေါက်နှစ်ခေါက်လဲသွားဘူး၊ပြည်တွင်မှာလဲစစ်တမ်းတွေ‌ကောက်တာလဲအတော်အတန်လုပ်ဘူး၊နိုင်ငံခြားကိုလဲဟိုဒီထွက်ပြီးအလုပ်လုပ်ခဲ့ဘူးပြီ၊အင်တာနက်ထဲကပညာတွေကိုလဲအသင့်အတင့်ယူနိင်ပြီဆိုတော့ ကျနော့မှာကိုယ့်ဟာကိုယ်ယုံကြည်ချက်လဲ ရှိနေပါပြီ (ပြီးတောလူအိုကြီးလဲဖြစ်နေပါပြီ)။

ဒီတော့အကို့ကွန်ပျူတာလေးထဲမှာ အကို့စာရင်းအချက်အလက်တွေရှိနေရင် အကို့အသုဘတုန်းကအဲဒီကွန်ပျူတာလေးယူသွားခဲ့တဲ့ အကို့သမက်လေးဆီကို တခါလောက်လှမ်းမေးဘို့ စိတ်ကူးပါတယ် အကို …

No comments:

Post a Comment