Wednesday, January 26, 2022

ပုရပိုက်ထဲကအင်္ကောလဆေးပင်နဲ့တွတ်တပတ်ပင် - ၁

 ကျနော်အစိုးရဝန်ထမ်းဘဝ ၁၉၈၀ နှစ်ပိုင်းအတွင်းမှာရန်ကုန်ပြည်ထောင်စုနေ့မှာပြခန်းအတွက်ဘုရင်ခေတ်မြေယာသမိုင်းပြခန်းကိုတာဝန်ယူရလို့ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကိုအကူအညီတောင်းခဲ့ပါတယ်။ အဲဒီတုန်းကပထမဆုံးပရပိုက်ကိုမြင်ဘူးခဲ့တာပါ။ မနှစ်အတွင်းကရဟန်းဘဝနဲ့ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ပိသုကာဦးဘိုကြီးကခေတ်သုံးခေတ်ပြခန်းတခုလုံးဆောက်လုပ်တာရော၊အတွင်းပိုင်းပြကွက်စီစဉ်၊မွမ်မံတာရောလုပ်ပေးခဲ့ပါတယ်။ ကျနော်တို့ပြခန်းကလဲအတော်အသင့်နံမယ်ရခဲ့ပါတယ်။ ဒီပုံကဦးဘိုကြီးလုပ်ပေးတဲ့၊ပြခန်းမှာပြခဲ့တဲ့မူပွားပုရပိုက်ထဲကပုံပါ -


အဲဒီတုန်ကရိုးရာမြေဧရိယာတွက်နည်းပုရပိုက်ကိုလဲကူးယူခွင့်ရခဲ့ပေမဲ့တွက်နည်းကိုနားမလည်နိုင်ခဲ့ပါဘူး။ ၂၀၁၄-အောက်တိုဘာမှာတော့ဆောင်းပါးလေးခုခွဲပြီးကျနော့ရဲ့ဗာရာဏသီနည်းပညာဘလော့မှာရေးတင်ခဲ့ပါတယ်- https://bayanathi.blogspot.com/2014/10/old-myanmar-land-area-calculation.html

အဲဒီကနေတဆင့်ဆက်စပ်မှုရှိတဲ့ ပိုင် (Pi = π) ကိုလေ့လာရင်းနဲ့အိန္ဒိယနဲ့တရုပ်ရှေးဟောင်းသင်္ချာအကြောင်းစိတ်ဝင်စားစရာတွေတွေ့ခဲ့ပါတယ်။ လွန်ခဲ့တနှစ် နှစ်နှစ်လောက်ကတော့ရန်ကုန်ကအစဉ်အလာကြီးတဲ့စာကြည့်တိုက်ကြီးတခုရဲ့ဝဘ်စာမျက်နှာကိုလှမ်းပြီးရိုးရာသင်္ချာ ပေ၊ပုရပိုက်ရှိမရှိအင်တာနက်ကနေလှမ်းမေးခဲ့ပါတယ်။ သူတို့စာမျက်နှာမှာမေးခွန်းကိုအမြန်ပြန်ကြားပါမယ်လို့ရေးထားပေမဲ့လဲ ကျနော်ကိုတော့အကြောင်းမပြန်ခဲ့ပါဘူး။

နဲနဲတော့လဲမကျေနပ်ခဲ့ပါဘူး။ ဘာကြောင့်ဆိုတော့တခါကနိုင်ငံခြားကစာရင်းအင်းပညာစာတန်းတခုထဲကမရှင်းတာကိုလှမ်းမေးတော့ရေးတဲ့ပညာရှင်က ဘာမဟုတ်တဲ့ကျနော့ကိုတလေးတစားစာပြန်တာရဘူးလို့ပါဘဲ။

ပြောချင်တာကတော့ ကိုယ်ပြည်တွင်းက ဝဘ်စာမျက်နှာတွေမှာပေစာနဲ့ပုရပိုက်တွေရှာမရလို့ပြည်ပကဝဘ်စာမျက်နှာကိုရှာလိုက်တော့တွေ့ရတဲ့ ရင်းမြစ်တွေအကြောင်းပါ။

ပထမတွေ့ခဲ့တာက MMDL ဝဘ်စာမျက်နှာ။ ၂၀၂၀ တုန်းက။မကြာခင်ကတွေ့တာကဗြိတိသျှစာကြည့်တိုက်ကလက်ရေးမူစာမျက်နှာ။ အဲဒီကရတဲ့ပုရပိုက်ထဲကပုံတွေကိုဖေ့ဘုတ်မှာရှေ့ကတင်ခဲ့တာပါ။

ခုတော့ပုရပိုက်ရဲ့ခေါင်းစဉ်အရမမျှော်လင့်ခဲ့တဲ့ပုံတွေ တွေ့တဲ့အကြောင်းကိုပြောပြချင်ပါတယ်။ ၁၈၉၄-ခုနှစ်ကရေးဆွဲတဲ့ "ရွှေနန်းလက်သုံး" ပုရပိုက်ထဲကပုံအမှတ် f. 44r မှာ -


အပေါ်ဆုံးအတန်းကသီဟိုဠ်နဲ့အိန္ဒိယကယူလာပြီးစိုက်တဲ့ဗောဓိပင် ၁၄-ပင်ရဲ့ပုံ။ ဒုတိယတန်းမှာသွင်းယူလာတဲ့ "အင်္ကောလဆေးပင်" ၁၆-ပင်ကိုသွင်းလာသူနံမယ်၊အပင်ဦးရေနဲ့စိုက်တဲ့နေရာတွေကိုရေးပြထားတယ်။




"အင်္ကောလဆေးပင်"ကိုတော့မကြားဘူးပါ။ တတိယအတန်းမှာပြထားတဲ့အပင်ဆယ့်သုံးမျိုးထဲကတွတ်တပတ်ပင်အကြောင်းကိုတော့ခုဘလော့မှာပဲကျနော်ရေးဘူးသေးတယ်။ ဒီအပင်နှစ်မျိုးအကြောင်းရေးပါဦးမယ်။




"ရွှေနန်းလက်သုံး" ပုရပိုက်ကိုဒီမှာကြည့်နိုင်ပါတယ် - http://www.bl.uk/manuscripts/Viewer.aspx?ref=mss_burmese_199_f044r


No comments:

Post a Comment