မြန်မာပြည်တွင်းရှိပေ၊ပုရပိုက်တွေရဲ့ဒီဂျစ်တယ်ရင်းမြစ် (MMDL)
ရှေ့မှာကျနော်တင်ပြခဲ့တာကမြန်မာ့ပေ၊ပုရပိုက်တွေစုဆောင်းထားပြီးအများအားဖြင့်အကန့်အသတ်နဲ့သာရယူနိင်တဲ့ နိုင်ငံခြားက ဒီဂျစ်တယ်ရင်းမြစ်တွေထဲက တချို့ဖြစ်ပါတယ်။ ကျန်နေတာကတော့ပြည်တွင်းကရင်းမြစ်တွေပါ။ ပြည်တွင်းမှာက အမျိုးသားစာကြည့်တိုက်နဲ့ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွေလိုစာကြည့်တိုက်ကြီးတွေမှာပေ၊ပုရပိုက်တွေကိုစုဆောင်းထားပြီး၊ မိုက်ကရိုဖလင်အနေနဲ့ကျယ်ကျယ်ပြန့်ထိန်းသိမ်းထားတယ်လို့ကြားဘူးပါတယ်။ ဒါပေမဲ့ကိုယ်ကလဲပညာရှင်တယောက်မဟုတ်လို့အဲဒါတွေအနားကိုမသီရဲခဲ့ပါ။
မှတ်မိပါသေးတယ် ကျနော်အစိုးရဌာနထဲမှာရှိနေတုန်း RIT ကအစိုးရစာအုပ်ဆိုင်မှာ ကွန်ပျူတာနဲ့ဆိုင်တဲ့စာအုပ်တအုပ်ဝယ်မယ်လုပ်တော့ အဲဒီကပါမောက္ခတယောက်ကခွင့်ပြုမှရောင်းပေးမယ်ဆိုလို့သွားတွေ့ရပါတယ်။ သူကမာရေကျောရေနဲ့ (မတူမတန်သလို) ခွင့်မပြုနိုင်ဘူးလို့ပြောပါတယ်။ အဲဒီနောက်နှစ်တွေအတော်ကြာလို့လွန်ခဲ့တဲ့အနှစ် ၂၀-ကျော်ကအကြောင်းသင့်လို့ ASEAN ကိုယ်စား အဖွဲ့ဝင်နိုင်ငံတွေရဲ့စာရင်းအင်းတွေစုရတဲ့အခါမှာ ပြည်တွင်းကဆရာဝန်တယောက်ကသူတို့ဌာနကပုံနှိပ်ထုတ်ဝေထားတဲ့စာအုပ်ထဲက ကိန်းဂဏန်းတွေကိုတောင်မှသုံးခွင့်မရှိဘူးလို့ ပြောပါတယ်။ ထူးဆန်းတဲ့ အသိပညာ၊သတင်းအချက်အလက်တွေမျှဝေမှုနဲ့ဆိုင်တဲ့ အံ့ဩစရာသဘောထားတွေပါဘဲ။
ခုခေတ်မှာတော့ ဘယ်ဆရာသမားကိုမှရှိခိုးဦးတင်တောင်းပန်နေစရာမလိုပဲ နိုင်ငံတကာက သမိုင်းဝင်မှတ်တမ်း၊မှတ်ရာထိန်းသိမ်းရာ၊ဖြန့်ဝေရာဌာန (Internet Archive) တွေထဲကနေအချက်အလက်၊မှတ်တမ်းမှတ်ရာတွေကို ဘယ်သူမဆို အလွယ်တကူရယူနိုင်ပါတယ်။
နိုင်ငံခြားက ပင်မဒီဂျစ်တယ် ပေ၊ပုရပိုက်ရင်းမြစ်များဟာသူတို့ဆီမှာစုဆောင်းထားတဲ့ ပစ္စည်းများကိုပဲဒီဂျစ်တယ်ပုံစံပြုလုပ်ပြီးဖြန့်ဝေတာဖြစ်တယ်။ မြန်မာပြည်တွင်းမှာပဲထိန်းသိမ်းထားတဲ့ ပေ၊ပုရပိုက်တွေကိုဒီဂျစ်တယ်ပုံစံပြုပြီးနိုင်ငံခြားကနေဖြန့်ဝေပေးတာမျိုးလဲရှိတာကိုတွေ့တော့အတော့ကိုအံ့ဩဝမ်းသာမိတယ်လေ။
ဒါက မြန်မာပြည်အရပ်ရပ်ကစာကြည့်တိုက်တွေကလက်ရေးစာမူများနဲ့ရှားပါးတဲ့ပုံနှိပ်စာမူများကိုစုစည်းပြီးဒီဂျစ်ပုံစံနဲ့အင်တာနက်ပေါ်ကရယူနိုင်အောင် သမိုင်းဝင်မှတ်တမ်းမှတ်ရာထိန်းသိမ်းရာ၊ဖြန့်ဝေရာဌာနတခုကိုကနေဒါနိုင်ငံရဲ့တိုရန်တိုတက္ကသိုလ်မှာထူထောင်ထားတာဖြစ်ပါတယ် - https://mmdl.utoronto.ca/
အဲဒီမှာ သထုံမြို့ကဦးဘိုးသီးစာကြည့်တိုက်နဲ့ မန္တလေး က ဗားကရာကျောင်းတိုက်စာကြည့်တိုက်မှာရှိတဲ့ပေ၊ပုရပိုက်တွေကိုဒီဂျစ်တယ်ပုံစံပြုလုပ်ပြီးအများပြည်သူအတွက် မျှဝေပေးထားပါတယ်။
MMDL ပေါ်ကပေစာထုပ်နမူနာ
လန်ဒန်ကဗြိတိသျှစာကြည့်တိုက်အကြောင်းကျနော်ပြောခဲ့တုန်းက ပေပုရပိုက်တွေရဲ့တကယ်ကြည်လင်ပြတ်သားတဲ့ပုံကြီးတွေရချင်ရင်သီခြားမှာပြီးဝယ်ရတယ်ဆိုတာကို သတိရပါသေးတယ်။ ဒီမှတော့ ဦးဘိုးသီးစာကြည့်တိုက်က မနုဝဏ္ဏနာဓမ္မသတ် ကိုဒေါင်းလုတ်ဆွဲပြီးရလာတဲ့ pdf ဖိုင်ရဲ့ပထမချပ်ကျောပိုင်းကို ၆၀၀-ရာခိုင်နှုန်းချဲ့ပြီးတွေ့ရတဲ့ကြည်လင်ပြတ်သားမှုကိုကြည့်ပါဦး။
အပေါ်ကပုံကိုမြင်ရုံနဲ့ပဲ ပေစာကိုခုလိုဒီဂျစ်တယ်ပုံစံကနေလေ့လာတာက ဘယ်လောက်လူသက်သာ၊လွယ်ကူ၊အဆင်ပြေမယ်ဆိုတာသိသာပါတယ်။
နိုင်ငံခြားသားပညာရှင်တယောက်ကပေစာတွေသိမ်းဆည်းထားတဲ့ကျောင်းတိုက်တွေကိုလိုက်ပြီးလေ့လာရင်းကရေးတာဖတ်ဘူးတယ်။ သူက မြန်မာပြည်မှာရဟန်းတော်နဲ့ပညာရှင်ခပ်များများက ကျမ်းစာတစောင်ကိုပုံနှိပ်ထုတ်ဝေပြီးတယ်ဆိုရင်ပဲ အဲဒါကိုသာကိုးကားဖို့လိုတော့တယ်လို့အမြင်ရှိတယ်လို့ရေးပါတယ်။ သူကသက်ကြီးဝါကြီးဆရာတော်တပါးကိုသူ့လေ့လာမှုလုပ်ငန်းမှာ ပေစာတွေကိုသုံးဘူးသလားမေးတော့ မသုံးဖူးဘူး၊ပုံနှိပ်ကျမ်းစာတွေကိုပဲသုံးတယ်လို့ဖြေသတဲ့။ သူကပေစာလိုလက်ရေးမူတွေနဲ့ရှေးကျတဲ့ပုံနှိပ်မူတွေကိုလဲထိန်းသိမ်းပြီးအများလက်လှမ်းမှီအောင်ဖြန့်ဝေပေးဖို့အရေးကြီးတယ်ဆိုတာကို သိအောင်လုပ်ပေးဖို့လဲလိုအပ်နေသေးတယ်လို့ဆိုပါတယ်။
No comments:
Post a Comment