ကန့်ကော်တောကျောင်းတော်က ၁၉၆၃ မှာထွက်ခဲ့ပြီးတဲ့နောက်စာကြည့်တိုက်နဲ့မနီးစပ်တော့ပါ။ ဝန်ထမ်းဘဝနဲ့နယ်တွေကိုဆယ့်လေးနှစ်လောက်လှည့်ပတ်ခဲ့ရတာကြောင့်လဲပါတယ်။ရန်ကုန်ရောက်တော့လဲအလယ်တန်း၊အထက်တန်းဘဝကကျင်လည်ခဲ့တဲ့ပန်းဆိုးတန်းကအမေရိကန်စာကြည့်တိုက် (USIS Library) နဲ့ ဗြိတိသျှစာကြည့်တိုက် (British Council Library)တွေကလဲမရှိတော့ဘူးထင်တယ်။ အမျိုးသားစာကြည့်တိုက်ကိုမြို့တော်ခန်းမမှာဖွင့်တုန်းကတော့ကြိုစားပမ်းစားသွားလိုက်သေးတယ်။ အားရစရာမရှိသလိုဘဲ။ နောက်တော့လဲဘယ်ပြောင်းသွားမှန်းမသိဘူး။ ကန့်ကော်တောကျောင်းတိုက်ပိတ်နေခဲ့တုန်းကတော့ကုန်သည်လမ်းကစာပေဗိမ္မာန်စာကြည့်တိုက်ကိုမကြာခနရောက်ဖြစ်ခဲ့တယ်။ အဲဒီအချိန်တွေတုန်းကတော့ ပေပုရပိုက်တွေကိုစိတ်ဝင်စားရမှန်းမသိသေးဘူး။
ဟိုတုန်းပေပုရပိုက်တွေကိုကြည့်ရဖို့ဆိုရင်ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်လိုပေပုရပိုက်ထိန်းသိမ်းထားတဲ့နေရာကိုသွား၊ခွင့်ပြုချက်ရရင်တော့မူရင်းဒါမှမဟုတ်မိုကရိုဖလင်ကိုကြည့်နိုင်မယ်။အတော်လက်ဝင်မဲ့အလုပ်။ ခုခေတ်မှာတော့အိမ်ကနေလှမ်းပြီးဒီဂျစ်တယ်မူ ပေပုရပိုက်တွေကိုဖတ်နိုင်မယ်။ ရှိရင်ပေါ့လေ။ ဒီဂျစ်တယ်မူပေ၊ပုရပိုက်တွေဟာ ကိုယ့်တိုင်းပြည်ထဲကစာကြည့်တိုက်၊မော်ကွန်းတိုက်တွေမှာလဲအနည်းဆုံး၊အထိုက်အလျောက်တော့ရှိမှာပါဘဲ။ ဆက်သွယ်ရတာ (ကျနော့အတွေ့အကြုံအရ) လက်ဝင်လို့သာ။
ပုရပိုက်ရင်းမြစ်ကိုထိရောက်အောင်ကျနော်သုံးနိုင်ခဲ့တာက ခုဘလော့ထဲမှာရေးခဲ့တဲ့ပထမဆုံးဆောင်းပါး The Tree Associated with the Birth of Buddha မှာပါ။ ဗမာတွေခပ်များများကအမှတ်မှားနေသလို အမြောက်ဆန်ပင်ဟာမယ်တော်မာယာကအကိုင်းကိုကိုင်ပြီးအလောင်းတော်ကိုဖွားတဲ့လုမ္မဏီအင်ကြင်းပင်မဟုတ်ဘူးဆိုတာကိုဒီပုံကပြနိုင်ခဲ့ပါတယ်-
(၁) ဝဲကမ်းစာကြည့်တိုက် (Wellcome Library)
ဒီပုံဟာ Sir Henry Wellcome (1853–1936) ရဲ့ကျန်းမာရေးသမိုင်းနဲ့ဆက်စပ်တဲ့စုဆောင်းမှုကိုအခြေပြုထားတဲ့ ဝဲကမ်းစာကြည့်တိုက် (Wellcome Library) မှာရှိတဲ့ပုရပိုက်တခုမှာပါပြီးဒီကရနိုင်ပါတယ် - https://commons.wikimedia.org/wiki/Category:Life_of_the_Buddha_(Wellcome_Asian_Collection).
ဆာဝဲကမ်းဝယ်ယူစုဆောင်းခဲ့တဲ့ပေ၊ပုရပိုက်တွေကိုကောင်းမွန်စွာထိန်းသိမ်းထားပေမဲ့နှစ် ၆၀ ကြာအောင်ပဲကက်တလောက်မလုပ်ခဲ့တာကြောင့်လူမသိသလောက်ပါဘဲ။ နောက်မှ William Pruitt နဲ့ Roger Bischoff တို့ကစာမျက်နှာ ၁၈၇ ရှိပြီးအဖြူအမဲပုံ ၂၇-ပုံနဲ့ ရောင်စုံ ၃၁-ပုံပါတဲ့ ကက်တလောက်ကို ပြုစုပြီး ၁၉၉၈-ခုနှစ်မှာတန်ဘိုးပေါင် ၂၀ နဲ့ပုံနှိပ်ရောင်းချခဲ့တယ်။ ကံကောင်းတော့ဒီနေရာကနေအခမဲ့ယူနိုင်တာကိုတွေ့ခဲ့ပါတယ် - https://b-ok.asia/book/3057712/c04f2b.
၂၀၁၂ သြဂုတ်လမှာလန်ဒန်တက္ကသိုလ်မှ Anna Allott ကမိတ်ဆက်ဆောင်းပါးရေးပြီး ဒီကက်တလောက်အကြောင်းဒေါင့်စုံအောင် အနှစ်ချုပ်ပြီးပြောပြထားပါတယ် - https://www.cambridge.org/core/services/aop-cambridge-core/content/view/E30FB456B4864B9F5A3F0CCCAAF7DDBD/S0025727300065960a.pdf/william-pruitt-and-roger-bischoff-catalogue-of-the-burmese-pli-and-burmese-manuscripts-in-the-library-of-the-wellcome-institute-for-the-history-of-medicine-london-wellcome-trust-1998-pp-187-illus-2000.pdf
(၂) ဗြိတိသျှစာကြည့်တိုက်
အပေါ်ပုံရဲ့အပေါ်ပိုင်းဘယ်ဒေါင့်မှာမယ်တော်မာယာကိုင်ထားတဲ့အကိုင်းထက်က အပင်မှာလဲအပွင့်တွေကပင်စည်ကထွက်မပွင့်တာကြောင့်ဒါဟာအမြောက်ဆန်ပင်မဟုတ်ဘူးဆိုတာထင်းရှားနေပြန်တယ်။ မလ္လာမင်း တို့၏ အင်ကြင်းတောအတွင်း အင်ကြင်းပင်ပျိုနှစ်ပင်ကြားမှာမြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူခြင်းကိုဗြိတိသျှစာကြည့်တိုက်ရဲ့ပုရပိုက်အမှတ် “Or 14298” ရဲ့ပုံအမှတ် f.18r မှာတွေ့ရပါတယ် (http://www.bl.uk/manuscripts/Viewer.aspx?ref=or_14298_f018r) -
ဒီမှာလဲအင်ကြင်းပင်ဟာ“အမြောက်ဆန်ပင်” မဟုတ်တာကိုမြင်နိုင်ပါတယ်။ ပြောပြခဲ့တဲ့ ၁၉-ရာစုအလယ်ပိုင်းကရေးဆွဲခဲ့တဲ့ပုရပိုက်ပုံရိပ်သုံးခုအရအဲဒီအချိန်က အမြောက်ဆန်ပင်ဟာ မြန်မာတွေများများရဲ့မျက်စိထဲ၊ခေါင်းထဲ၊ရင်ထဲကို ခုချိန်မှာလို လွဲလွဲမှားမှားဝင်ရောက်နေရာမယူခဲ့သေးတာထင်ရှားပါတယ်။
No comments:
Post a Comment